Skip to content

NLD VICE CHAIRMAN U TIN OO RELEASED

February 14, 2010

ဦးတင်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၈ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။    ။ နေအိမ်အကျယ်ချုပ်သက်တမ်း ၆ နှစ်သက်တမ်း ကုန်ဆုံးပြီး ယနေ့တွင် စစ်အစိုးရက ပြန်လည်လွှတ်ပေးလိုက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

လွှတ်ပေးလိုက်သည်နှင့် နေအိမ်အတွင်းသို့ အန်အယ်ဒီ အကြီးတန်းခေါင်းဆောင်များ အပါအဝင် ပါတီဝင်များနှင့် သူ့ကို ထောက်ခံသူများက ဝမ်းသာအားရ ကြိုဆိုကြသလို သတင်းထောက်များ၏ မေးခွန်းများ မနားတမ်း ဖြေကြားနေရသော အသက် ၈၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်းကို မေးခွန်း ၃ ခု မေးမြန်းခွင့် ရရှိခဲ့သည်။

အခုလို လွတ်လာတော့ ဘယ်လိုခံစားရပါသလဲရှင်။

ဘယ်လိုများ ခံစားရလဲဆိုတော့ ဝမ်းမသာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ဖော်ကိုင်ဘက်နဲ့ ပတ်သက်တဲ့လူတွေက အခုထက်ထိ အကျဉ်းကျနေတာပဲ။

ဆက်ပြီးတော့ ဘာတွေ လုပ်မယ်လို့ စဉ်းစားထားပါသလဲရှင်။

အဖွဲ့ချုပ်ကိုသွားပြီး၊ သတင်းပို့ပြီးတော့ ပေးတဲ့တာဝန်ကို လုပ်ရမှာပေါ့ဗျာ။ ပါတီ CEC (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) အမိန့်ကို နာခံရမှာပေါ့ဗျာ။ ပါတီ့ရှေ့ရေး ညီညီညွတ်ညွတ် တိုင်ပင်ပြီးတော့ လုပ်ရမှာပေါ့။

၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘဘရဲ့ ရပ်တည်ချက် သဘောထားက ဘယ်လိုပါပဲရှင်။

ဆက်လက်ပြီးတော့ လုပ်စရာရှိတာက ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ကိစ္စက ဆုံးခန်းတိုင်အောင် မရောက်သေးဘဲကိုး။ အဲဒီတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရအောင်တော့ လုပ်ရမှာပေါ့။

ဦးတင်ဦး လွတ်မြောက်မှု CRPP အတွင်းရေး ကြိုဆို

မြင့်မောင် | စနေနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၀၈ မိနစ်


နယူးဒေလီ (မဇ္ဈိမ)။     ။ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အကျယ်ချုပ်မှ လွတ်မြောက်လာသည့်အပေါ် လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင်က ဝမ်းပန်းတသာ ကြိုဆိုလိုက်သည်။

ထို့ပြင် အရေးကြီးနေသော မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေတွင် လွတ်မြောက်လာခြင်း ဖြစ်သောကြောင့် အန်အယ်ဒီနှင့် နိုင်ငံရေး အင်အားစုအားလုံးအတွက် ကြိုးပမ်းဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။

ဦးတင်ဦး လွတ်မြောက်လာသည့်အပေါ် CRPP အတွင်းရေးမှူး၏ သုံးသပ်ပြောဆိုချက်များကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် မြင့်မောင်က ဆက်သွယ်မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

CRPP အတွင်းရေးမှူး ဦးအေးသာအောင်နှင့် ဆက်သွယ်မေးမြန်းချက်

မေး။ ။ အန်ကယ် ဦးတင်ဦး လွတ်မြောက်လာတဲ့အပေါ်မှာ ဘယ်လိုခံစားရပါသလဲခင်ဗျ။

ဝမ်းသာတာပေါ့။ တကယ်တော့ ဦးတင်ဦးတို့ဟာ ဒီလိုအကျယ်ချုပ်ကို ကျခံရမယ့် ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို အချိန်မှာ လွတ်လာတယ်ဆိုတော့ အန်အယ်ဒီအတွက်ရော၊ အားလုံး နိုင်ငံရေး အင်အားစုတွေအတွက်ရော ဝမ်းပမ်းတသာ ကြိုဆိုရမယ့် အနေအထား ဖြစ်ပါတယ်။ ပြီးတော့ ဦးတင်ဦးကလည်း ကျနော်နဲ့ CRPP မှာ နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ ပုဂ္ဂိုလ်တယောက်လည်း ဖြစ်တယ်၊ CRPP အဖွဲ့ဝင်တယောက်လည်း ဖြစ်တဲ့အတွက်ကြောင့် CRPP အတွင်းရေးမှူးတယောက်အနေနဲ့လည်း အထူး လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြိုဆိုပါတယ်။

မေး။ ။ ဘာကြောင့် ပြန်လွှတ်ပေးတယ်လို့ ထင်ပါသလဲဗျ။

လွှတ်ပေးတယ်ဆိုတာကတော့ သူတို့ မတရားသဖြင့် ချုပ်နှောင်ထားတဲ့ ကာလတွေကလည်းပဲ တဖြည်းဖြည်းနဲ့ လွန်လာပြီလေ။ သူတို့ ဥပဒေပုဒ်မအရပဲကြည့်ကြည့်၊ ဘယ်လိုနည်းကပဲကြည့်ကြည့် သူ့ကို လွှတ်ပေးရမယ့် အနေအထားတွေ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြံအဖန် လုပ်ပြီးတော့ တရားမစွဲတာကတော့ ဒီလိုလုပ်ဖို့ ဦးတင်ဦးကို မလိုအပ်ဘူး ထင်ပြီးတော့ လွှတ်ပေးတာလို့ပဲ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။

မေး။ ။ အခုလို လွတ်လာပြီးနောက် အန်ကယ်ဦးတင်ဦးအနေနဲ့ ရှေ့လျှောက် ဘာတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ပါသလဲ။

လောလောလတ်လတ် ရှေ့မှာ ရင်ဆိုင်ရမယ့် ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲမတိုင်ခင်ကာလ၊ ရွေးကောက်ပွဲအပြီး အန်အယ်ဒီရော နိုင်ငံရေးအင်အားစုတွေရော အများကြီး ရင်ဆိုင်ရမယ့် အနေအထားတွေ ရှိပါတယ်။ ဦးတင်ဦးလို ခေါင်းဆောင်တယောက်အနေနဲ့ ပါဝင်ပြီးတော့ ကြိုးပမ်းဆောင်ရွက်လာမှာဟာ အန်အယ်ဒီအတွက်ရော၊ နိုင်ငံရေး အင်အားစု အားလုံးအတွက် အထူးလိုအပ်နေတဲ့ ကာလတခုဖြစ်ပါတယ်။ သူလည်း အများကြီး ကြိုးပမ်းဆောင်ရွက်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။

 

မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲခင်ဗျ။

ဦးတင်ဦးကို လွှတ်ပေးသလိုပဲ တကယ့် နိုင်ငံရေး ပတ်ဝန်းကျင်ကောင်းတခုကို ဖန်တီးပေးတဲ့အနေနဲ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ မင်းကိုနိုင်၊ ကိုကိုကြီး အားလုံးကို လွှတ်ပေးဖို့ လိုမယ်လို့ ကျနော့်အနေနဲ့ ထင်ပါတယ်။ သူတယောက်ထဲကို လွှတ်ပေးရုံနဲ့တော့ နိုင်ငံရေးအခြေအနေ ကောင်းလာမယ်လို့တော့ ကျနော့်အနေနဲ့ မပြောချင်သေးဘူး။ ဒီပုဂ္ဂိုလ်တွေကို ဆက်ပြီးတော့ လွှတ်ပေးမယ်၊ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်မယ်ဆိုရင်တော့ တိုင်းပြည်အတွက်၊ ပြည်သူအတွက် ဝမ်းပန်းတသာ ကြိုဆိုရမယ့် အနေအထားမျိုး ရောက်လာမယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။

မေး။ ။ အန်ကယ် ဦးတင်ဦး လွတ်လာပြီဆိုတော့ သူ့အပေါ်ကို ဘယ်လိုမျိုး ဆန္ဒပြုချင်တာ ရှိပါသလဲ၊ သူနဲ့ပတ်သက်ပြီး ဘာတွေ ပြင်ဆင်ထားပါသလဲ။

ဦးတင်ဦးဟာ အဲန်အယ်ဒီ CEC တယောက်ဖြစ်သလို၊ CRPP အဖွဲ့ဝင်တယောက်လည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ အခုဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို ရှင်းပြမယ်၊ သူ အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ ကာလမှာ မသိသေးတဲ့ အချက်အလက်တွေ၊ အကြောင်းအရာတွေ ဒါတွေကို အန်ကယ်တို့က ပြောပြမယ်။ ပြီးတော့ ရှေ့ဆက်ပြီးတော့ လက်တွဲဆောင်ရွက်နိုင်မယ့် အကြောင်းအရာတွေကိုလည်း ထပ်ပြီးတော့ သူနဲ့ ဆွေးနွေးရင်းနဲ့ သူ့အပေါ်မှာ ကျနော်တို့ ဖြစ်စေချင်တဲ့ အချက်အလက်တွေကိုလည်း ပိုပြီးတော့ ပြောပြနိုင်မယ့် အနေအထားတွေကို ပြောပြနိုင်ဖို့ အန်ကယ့်အနေနဲ့ ပြင်ဆင်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မည်ဟု ဦးတင်ဦးမျှော်လင့်

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၀၅ မိနစ်
ဒေါက်တာဝင်းနိုင်နဲ့ ဆက်သွယ်မေးမြန်းချက်

အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးကို အာဏာပိုင်များက လာရောက်လွှတ်ပေးပုံနှင့် လွတ်မြောက်လာပြီးနောက် မြင်ကွင်းနှင့်ပတ်သက်၍ လက်ထောက် အယ်ဒီတာ ရဲရင့်အောင်က ပါတီ CEC အဖွဲ့ဝင်နှင့် ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်ကို ဆက်သွယ်မေးမြန်းထားသည်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာလိမ့်မည်ဟု ဦးတင်ဦးက မျှော်လင့်နေသည်။

မေး။   ။ အန်ကယ်ဦးတင်ဦး လွတ်လာတဲ့အချိန်က မြင်ကွင်းလေးကို ပြောပြပေးပါခင်ဗျ။

၈ နာရီခွဲမှာ ကားနှစ်စီး ဝင်လာတာပေါ့။ စလွန်းကား တစီးရယ်၊ ဗင်ကားအရှည်တစီးရယ် ခြံထဲ ဝင်လာတာပေါ့နော်။ ဝင်သွားပြီးတော့ တံခါးဖွင့်ဝင်ပြီးတော့ သူတို့ ဓာတ်ပုံတွေ ရိုက်တာတော့ တွေ့တယ်။ ၁ဝ မိနစ်သာသာလောက်၊ ၁၅ မိနစ်လောက်မှာ လုပ်စရာကိစ္စတွေ လုပ်ပြီးတော့ သူတို့ ပြန်ထွက်လာတယ်။ ပြန်ထွက်သွားတဲ့အခါကျတော့ ခြံဝင်းတံခါးကြီး ဖွင့်ထားတယ်၊ လုံခြုံရေးတွေလည်း ရုပ်သိမ်းသွားတယ်။ အဲဒီအခါ ကျနော်တို့တွေရော၊ သတင်းထောက်တွေရော စွတ်ပြီးတော့၊ တိုးပြီးတော့ ဝင်သွားကြတယ်။ ဟိုရောက်တော့ အန်ကယ်က စီးကြိုတယ်။ စီးကြိုပြီးတော့ သတင်းထောက်တွေ မေးတာကို ဖြေတယ်။ ကျနော်တို့က အန်ကယ့်ကို ဧည့်ခန်းထဲမှာ ထိုင်ပြီးတော့၊ နေရာယူပြီးတော့ အေးအေးဆေးဆေး ဖြေပါဆိုတော့ ဧည့်ခန်းထဲကို အန်ကယ့်ကို ခေါ်သွားတယ်။ ဧည့်ခန်းထဲမှာ သတင်းထောက်တွေ မေးကြတာပေါ့။

မေးတဲ့မေးခွန်းတွေထဲက အဓိက မေးခွန်းနှစ်ခုကတော့ အန်ကယ်က အမေရိကန်ရဲ့ အင်ဂေ့ခ်ျမင့် ပေါ်လစီကို ဘယ်လို သဘောထားလဲဆိုတော့ ဒါ ကောင်းတဲ့ကိစ္စပါတဲ့။ လုပ်သင့်တာလည်း ကြာပါပြီတဲ့။ အိုဘားမား တက်လာကတည်းက ဒါကိုလည်း ပြောနေတယ်တဲ့။ သူ့အနေနဲ့ ကြိုဆိုတယ်ပေါ့။
အဖွဲ့ချုပ် ခေါင်းဆောင်မှုပိုင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်။ အဖွဲ့ချုပ်က မူဝါဒတွေ၊ အဖွဲ့ချုပ်က ချမှတ်တဲ့အတိုင်း လက်ခံကျင့်သုံးသွားမယ်လို့ အန်ကယ်က ဖြေပါတယ်။

မေး။    ။ အန်ကယ်ဦးတင်ဦးကို စတွေ့တဲ့အချိန်မှာ ဆရာတို့အနေနဲ့ ဘယ်လိုမျိုး ခံစားရလဲ။ ဘယ်လိုမျိုးလည်း တွေ့ရလဲ။

သူကလည်း အရမ်းဝမ်းသာတယ်။ ကျနော်တို့လည်း ခြင်ကိုက်တာတွေ၊ ဖြုတ်ကိုက်တာတွေ၊ ဗိုက်ဆာတာတဲ့ ဒဏ်တွေ မေ့သွားတာပေါ့ဗျာ။ အားလုံး ပျော်နေကြတာပေါ့ဗျာ။ အန်ကယ်ကလည်း ပျော်ပါတယ်၊ တပြုံးပြုံးနဲ့ သူကလည်း။ မီဒီယာသမားတွေ မေးတာကို စိတ်ရှည်လက်ရှည် ဖြေတယ်။ ကျနော်တို့ကလည်း သူ့အနားမှာ ဝိုင်းထိုင်နေကြတာပေါ့။ ပြီးတော့ မီဒီယာသမားတွေ ပြန်သွားတဲ့အခါမှာ ကျနော်တို့ကို ဆက်ပြီးတော့ စကားပြောတယ်၊ ဆုံးမတယ်။ ကျနော်တို့ကလည်း ထိုင်ကန်တော့ကြတယ်။

မေး။    ။ အခန်းထဲက မြင်ကွင်းလေး နည်းနည်းလောက် ပြောပြပေးပါ။

အခန်းထဲမှာ ဝင်ဝင်ချင်းတော့ သတင်းထောက်တွေက အစိတ် (၂၅ ယောက်) လောက် ရှိတယ်။ အဲဒီမှာ ဝိုင်းမေးကြတာပေါ့။ အခန်းထဲမှာ နောက်ဆုံးကျန်တာကတော့ CEC အဖွဲ့ဝင်တွေနဲ့ မိသားစုတွေ၊ လူငယ်အဖွဲ့ဝင်တွေ ကျန်တာပေါ့။ အခန်းအကျယ်အဝန်းကတော့ ၂ဝ (ပေ) ပတ်လည်လောက် ရှိတယ်။ သတင်းထောက်တွေရော၊ ကျနော်တို့ရောဆိုရင် ၄ဝ၊ ၄၅ ယောက်လောက် ရှိမှာပေါ့။

မေး။    ။ အဖွဲ့ချုပ်တာဝန်တွေကိုရော အန်ကယ်ဦးတင်ဦးက ဘယ်လိုထမ်းဆောင်သွားမလဲဗျ။

ဒုတိယဥက္ကဋ္ဌဖြစ်တဲ့အတွက် ဒုဥက္ကဋ္ဌတာဝန်ကို ဆက်ပြီးတော့ ထမ်းဆောင်မယ်။ ဥက္ကဋ္ဌကြီးဆီကိုလည်း သူ မနက်ဖြန် သွားမယ်။ ဥက္ကဋ္ဌကြီးနဲ့ တွေ့ပြီးတော့၊ ညှိနှိုင်းပြီးတော့ တွေ့ဆုံညှိနှိုင်းပြီးတော့ ဆောင်ရွက်စရာရှိတာကို ဆောင်ရွက်မယ်လို့ ပြောပါတယ်။
ပြီးတော့ နာမကျန်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေပေါ့၊ အန်ကယ် ဦးလွန်းတင်တို့၊ ဦးလွင်တို့ဆီ သွားပြီးတော့လည်း နှုတ်ဆက်ပါတယ်တဲ့။

မေး။    ။ အန်ကယ်ဦးတင်ဦးရဲ့ မျက်စိအခြေအနေက ဘယ်လိုရှိပါသလဲ။

မျက်စိကတော့ ဆက်ပြရမယ်။ မျက်စိ အားနည်းတယ်တဲ့။ မျက်စိ ပြထားတယ်။ မျက်စိကို သူ ဆက်ပြီးတော့ ပြရမယ်ပေါ့။ ဆရာဦးသန်းအောင်နဲ့ ပြတယ်တဲ့။ ဆေးခန်းတော့ ကျနော်တို့ မသိသေးဘူး။
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို အန်ကယ်က ဘယ်လိုသုံးသပ်ပြပါသလဲ။
ဒီဟာအပေါ်တော့ သိပ်မသုံးသပ်ပါဘူး။ လက်ရှိနိုင်ငံရေးကိုကျ အဖွဲ့ချုပ်ရဲ့ လမ်းစဉ်အတိုင်း၊ အဖွဲ့ချုပ်က ချမှတ်ထားတဲ့ မူဝါဒအတိုင်း သွားမယ်လို့ သူ ပြောပါတယ်။

မေး။  ။ ဘာတွေကို ဖြည့်စွက်ပြောချင်ပါသလဲ။

သူ့အနေနဲ့ ထူးခြားပြီးတော့ မပျော်ပါဘူးတဲ့။ သူက ဒီကနေ့ လွတ်ရမယ့်နေ့ဆိုတော့ လွတ်ကို လွတ်ရမှာပါတဲ့။ သူ့မျက်နှာကတော့ ပြုံးနေတာပေါ့ဗျာ။ သူ့ဇနီးကလည်း ပြုံးပြုံးပေါ့ဗျာ။ သူလွတ်ပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ကြိုးစားပါမယ်တဲ့။ အဲဒီအပြင် သူလွတ်ပြီးလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်က မကြာခင် လွတ်တတ်တယ်တဲ့။  

နေအိမ်အကျယ်ချုပ်သက်တမ်း ၆ နှစ်သက်တမ်း ကုန်ဆုံးပြီး ယနေ့တွင် စစ်အစိုးရက ပြန်လည်လွှတ်ပေးလိုက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး (၈၃ နှစ်)ကို CEC အဖွဲ့ဝင် ဖြစ်သော ဦးဝင်းတင်နှင့် တွေ့ဆုံစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

 

NLD ဒုဥက္ကဌ ဦးတင်ဦး ပြန်လည်လွတ်မြောက်
13 February 2010  
 
ဦးတင်ဦးနှင့် သတင်းစာဆရာကြီး ဦးဝင်းတင် – (ဓါတ်ပုံ ဗွီအိုအေ – ဖေဖော်ဝါရီ ၁၃၊ ၂၀၁၀)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးဟာ ဒီကနေ့ နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ်ပြည့်တဲ့နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါပြီ။ မကြာခင်တုန်းလေးကပဲ ပြန်လည် လွတ်မြောက်လာတဲ့ ဦးတင်ဦး ကို ဗွီအိုအေက ကိုကျော်အောင်လွင်က တိုက်ရိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

အခု ကျန်းမာရေး ကောင်းပါသလားခင်ဗျ။ –

“လူကြီးကောင်းပေါ့ဗျာ။ လူကြီးကောင်းပေါ့။”

ဟိုတလောတုန်းက ခွဲစိပ်ရတယ် ကြားပါတယ်ခင်ဗျ။ အခု အခြေအနေ ကောင်းပါသလား။ –

“ဟုတ်ကဲ့။ အဲဒီတုန်းက ဒီလိုပါ။ မျက်စိနဲ့ပတ်သက်လို့ နည်းနည်း အမြင်မကြည်တာနဲ့ ခွဲစိပ်တာ မဟုတ်ဘူးခင်ဗျ။ လေဆာပစ်တာပေါ့လေ။ အဲတော့ ကောင်းသွားပါလိမ့်မယ်။”

အခု နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းခံထားရတာ ၆ နှစ်ပြည့်တဲ့နေ့မှာ ပြန်လွတ်လာတယ်ဆိုတော့ ဒီ ၆ နှစ်အတွင်း မြန်မာပြည် နိုင်ငံရေး အခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာ အဖမ်းခံထားရတဲ့ အချိန်အတွင်းမှာ ဘယ်လို သိထားပါသလဲခင်ဗျ။ –

“အပြင်မှာ ခင်ဗျားတို့ ပြောတာဆိုတာတွေ အားလုံး၊ အွန်လိုင်း ဆွေးနွေးတာတွေရော အဲဒါတွေ သိပါတယ်။”

ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲတကြိမ် ပြန်ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာထားပါပြီခင်ဗျ။ –

“အဲဒါက ကျနော်တို့ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာစာတမ်းကိုပဲ ကျနော်တို့ကတော့ အကောင်အထည် ဖော်ရမှာပေါ့ဗျာ။ ရွှေဂုံတိုင် ကြေညာချက်အတိုင်းပဲ ကျနော်တို့ လိုက်နာရမှာပေါ့။”

ဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီပဲယင်း အရေးအခင်းမှာ အဖမ်းခံထားရတာ ဒေါ်အောင်ဆန်းစုကြည်ကတော့ ခုချိန်ထိ ပြန်မလွတ်သေးပါဘူး။ အဲန်အယ်လ်ဒီ ပါတီမှာ ခေါင်းဆောင်ပိုင်းမှာ အခုလိုမျိုး ပြန်လွတ်လာတဲ့အတွက် အဲန်အယ်လ်ဒီပါတီအတွက်တော့ ၀မ်းသာစရာ သတင်းပေါ့လေ။ အဲတော့ ဘယ်လို ခေါင်းဆောင်မှုမျိုးနဲ့ ဆက်သွားမယ်လို့ စိတ်ကူးထားပါသလဲခင်ဗျ။ –

“ဒီအတိုင်းပဲဗျာ။ ဥက္ကဌလည်း ရှိနေတာပဲ။ အတွင်းရေးမှူးလည်း ရှိနေတာပဲ။ အဖွဲ့အစည်းလည်း ရှိနေတာပဲဗျာ။ အဖွဲ့အစည်းအတိုင်းပဲ သွားရမှာပေါ့။”

အခုနောက်ဆုံး ပြန်လွတ်လာတဲ့ အခြေအနေမှာ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေများ ပြောစရာ ရှိပါသလဲခင်ဗျ။ –

“အဖွဲ့ချုပ်မှာ ကြေညာထားတဲ့ကိစ္စတွေ ရှိပြီးသားပဲလေ။ အဲတော့ အဖွဲ့ချုပ် ကြေညာထားတဲ့အတိုင်းပဲ ကျနော်တို့က အကောင်အထည်ဖော်ပြီး သွားကြရမှာပေါ့။ နောင် ဆွေးနွေးစရာ ရှိတာတွေအားလုံးလည်း ဆွေးနွေးသွားမှာပေါ့။”

ဦးတင်ဦးဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အဖမ်းခံခဲ့ရတာပါ။ သူ့ရဲ့အသက်ဟာ အခုဆိုရင် ၈၃ နှစ်ရှိပြီဖြစ်ပါတယ်။

No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: